မြန်မာနိုင်ငံကို လူသားစာနာမှု အကူအညီပေးရေးကိစ္စ ဆွေးနွေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (ASEAN) နိုင်ငံခြားရေးဝန်ကြီးတွေ နောက်လမှာ စည်းဝေးကြမယ်လို့ အာဆီယံရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဒီကနေ့ ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို ဒီလအတွင်းကျင်းပဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် ဝန်ကြီးတချို့က တက်ရောက်ဖို့ အခက်အခဲရှိတယ်လို့ ပြောခဲ့ကြတာကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းထားတာပါ။ အခုတော့ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn မြန်မာနိုင်ငံကိုသွားဖို့ ပြင်ဆင်နေတယ်လို့လည်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။
ဝန်ကြီး Sokhonn ရဲ့ အဓိက ဦးစားပေးလုပ်ငန်းတွေက “အားလုံးသဘောတူထားတဲ့ ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးဖြစ်ပြီး အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ လာမယ့်အစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်မယ့် ဝန်ကြီး Sokhonn ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့တယ်ဆိုတာ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီခရီးစဉ်ဟာ တိုက်ရိုက် သက်ဆိုင်သူအားလုံးကြား ဆွေးနွေးညှိနှိုင်းမှု ဖြစ်လာအောင် ကြားဝင်စေ့စပ်ပေးဖို့နဲ့ မြန်မာနိုင်ငံမှာ လူသားစာနာမှု အကူအညီ အလိုအပ်ဆုံး သူတွေအတွက် အကူအညီတွေ အန္တရာယ်ကင်းကင်းနဲ့ အမြန်ဆုံးပေးနိုင်အောင် လုပ်ဖို့ဖြစ်တယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
(VOA မြန်မာပိုင်း)
မူရင်းသတင်းအား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။
https://burmese.voanews.com/a/asean-foreign-ministers-meeting-myanmar/6417932.html