ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့က တနှစ်ကြာ နိုင်ငံတဝှမ်းအရေးပေါ်အခြေအနေကြေညာခဲ့တဲ့အမိန့်ကို နောက်ထပ် ၆ လသက်တမ်းတိုးတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေပါဝင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို ခေါ်ယူပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ နဲ့အညီ သက်တမ်းတိုးဖို့ ဆုံးဖြတ်ခဲ့ကြတာလို့ ဖော်ပြပါတယ်။ အစည်းအဝေးကိုတော့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးတွေအပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်လည်း တက်ရာက်ခဲ့ပါတယ်။
ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကတော့ ကျန်းမာရေးအရ မတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အစည်းအဝေးအတွင်းမှာတော့ အာဏာမသိမ်းမီ NLD အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားခဲ့တာတွေကို ပြန်လည်ဖော်ပြပြီး မဲစာရင်းအမှားအယွင်းတွေကို မရှင်းလင်းဘဲ လွှတ်တော်သစ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်လို့ NLD အစိုးရကို အပြစ်တင်ထားပါတယ်။
ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနှစ်တာအခြေအနေကိုလည်း အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို တင်ပြခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။ NLD အစိုးရ လက်ထက်မှာတုန်းက အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကို တကြိမ်တခါမှ ခေါ်ယူခြင်းမရှိခဲ့သလို စစ်ကောင်စီလက်ထက်မှာတော့ ဒါဟာ ပထမဆုံးအကြိမ်ခေါ်ယူမှုဖြစ်ပါတယ်။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာ လုပ်ပိုင်ခွင့်အကြီးဆုံး အဖွဲ့အစည်းဖြစ်တယ်လို့ လေ့လာသူတွေက ယူဆထားပါတယ်။ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအင်အားစုတွေကတော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကို လုံးဝလက်မခံကြတော့ဘဲ ဖွဲ့စည်းပုံသစ်အတွက် ဖယ်ဒရယ်ပဋိဉာဏ်တရပ်ကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြုစုအတည်ပြုခဲ့ကြပါတယ်။
(VOA မြန်မာပိုင်း)
မူရင်းသတင်းအား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။